တိတ်ဆိတ်ခြင်းရဲ့ ကျယ်လောင်တဲ့ အသံတွေနဲ့ ကျနော်တိုဟာ စစ်အာဏာရှင်ကို ခြောက်ခြား တုန်လှုပ်အောင် အကြိမ်ကြိမ် အခါခါ ပြုလုပ်ပြီးခဲ့ကြပြီးပါပြီ။ လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချိန် ၊ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ချိန်လည်းဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ကမ္ဘာကြီးကို ကျွန်တော်တို ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ဖိနှိပ်မှုတွေကြားထဲကပဲ ရရာ နည်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြောင်း ထပ်မံ မှတ်ကျောက်တင်ဖိုလိုပါတယ်။
ဒါ့ကြောင့် ကျနော်တိုဟာ နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (၁ ဖေဖော်ဝါရီ ၂၀၂၃)နေ့မှာ ပြည်သူတွေရဲ့ တိတ်ဆိတ်တဲ့အသံတွေ၊ ခြောက်ကပ်နေတဲ့လမ်းမတွေ၊ ပြင်းပြတဲ့အောင်စိတ်တွေနဲ့အတူ “Silent Strike” ကို ထပ်မံ ပုံဖော်ကြဦးမှာပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တိုအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘဲ မိမိတိုအိမ်အတွင်းမှာသာ နေထိုင်ကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန် လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေ တိတ်ဆိတ်နေခြင်းနဲ့ စစ်ကောင်စီကို ကြောက်လန့်စေကြမယ်။ ကျွန်တော်တိုပြည်သူတစ်ရပ်လုံးဟာ အကြမ်းဖက်စစ်အာဏာရှင်ကို သွေးမအေးသေးပဲ ဆက်လက်တော်လှန်နေဆဲဖြစ်ကြောင်း ထပ်မံပြသကြရမှာလည်း ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီဘက်မှ ခြေလှမ်းပြင်လာတဲ့ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ”ကိုလည်း လက်သင့်မခံကြောင်းကိုပါ တပါတည်း ကမ္ဘာသိ ထုတ်ဖော်ပြသရမှာဖြစ်ပါတယ်။
"တသံတည်းညီ တချီတည်းရုန်း"ရင်း ၂၀၂၃ ခုနှစ် တော်လှန်နှစ်ရဲ့ အဆုံးသတ်အတွက်၊ အဆုံးဖြတ်အဖြစ် ဆက်လက်တိုက်ပွဲဝင်ကြဖို မေတ္တာရပ်ခံအပ်ပါတယ်။